ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့သော ဒေသများတွင် ကုလသမဂ္ဂမှ စားနပ် ရိက္ခာ အဖွဲ့ FAO မှ စားနပ်ရိက္ခာ ဖြန့်ဝေပေးမှု အစီအစဉ်ကို ရပ်ဆိုင်းပြီး မွေးမြူရေးလုပ်ငန်းများ အတွက် များမကြာမှီ စတင် ကူညီပေးသွားမည်ဟု သတင်း ရရှိသည်။

သို့သော်လည်း ဒေသခံ လေဘေးသင့် ပြည်သူများ ဘ၀ရပ်တည်နိုင်ရေး အတွက် အသေးစား မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အစီအစဉ် ပြုလုပ်ကာ ကူညီ ဆောင်ရွက် ကိုင်သွားမည် ဖြစ်ကြောင်း ပြောသည်။
အဆိုပါ အစီအစဉ်အတွက် ရန်ကုန်ရုံးက FAO ဌာနေကိုယ်စားလှယ် ဒေါက်တာရှင်မိုင်းအိ က စစ်တွေမြို့ကို ရောက်ရှိနေပြီး ကြက်၊ ဝက်၊ ဆိတ်တွေ ဝယ်ယူနိုင်ရေး အတွက် ဒေသခံ လုပ်ငန်းရှင်တွေကို တင်ဒါ ခေါ်ယူနေကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့မူကို FAO က လာမည့် မတ်လ အတွင်း စတင် ကူညီ ထောက်ပံ့ သွားမည် ဖြစ်ပြီး အဆိုပါ စီစဉ်အရ ဂီရိမုန်တိုင်းကြောင့် အထိအနာဆုံးဖြစ်သော မြေပုံမြို့နယ်တွင် ပြည်သူများကို အဓိက ကူညီသွားမည် ဖြစ်ကြောင်း သိရသည်။
FAO အဖွဲ့ အနေဖြင့် အဆိုပါ ဒေသအတွင်း တအိမ်ထောင် ကြက် ၁၀ ကောင် အပါအ၀င် တခြား ဆိတ်၊ ဝက်တွေများကိုလည်း အိမ်ထောင်စုပေါင်း ၆၀၀ ကျော်အတွက် ကူညီလှူဒါန်းသွားရန် စတင် စီစဉ်နေကြောင်း FAO အရာရှိက ပြောသည်။
ဂီရိမုန်တိုင်းတိုက်ခတ်ရာ ဒေသတွင် ကုလသမဂ္ဂအဖွဲ့ အစည်းများ အပါအဝင် ပြည်တွင်း ပြည်ပ အင်န်ဂျီအိုပေါင်း ၂၀ ကျော်ခန့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော်လည်း ယခုအချိန်ထိ မုန်တိုင်းသင့် ပြည်သူများ လိုအပ်ချက်ကို ၂၅ ရာခိုင်နုန်းခန့်သာ ထောက်ပံ့ပေးနိုင်သေးကြောင်း သိရသည်။
ဂီရိသင့်ဒေသ ပြန်လည် ထူထောင်ရေးလုပ်ငန်းအများ အတွက် နအဖ စစ်အစိုးရမှ တစုံတရာ ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်ပေးခြင်း မရှိသဖြင့် လေဘေးသင့် ပြည်သူများမှာ အကူအညီ ရရှိနိုင်ရေး အတွက် နိုင်ငံခြား အန်ဂျီအိုများကိုသာ အဓိက အားကိုး နေကြရကြောင်း သိရှိရသည်။
မဇ္ဈိမ
0 Responses to FAO မှ ဂီရိဒေသတွင် စားနပ် ရိက္ခာ အစီအစဉ်ကို ရပ်ဆိုင်းပြီး မွေးမြူရေးကို ကူညီမည်