သောက်စရာ ရေမရှိဘူး
စားစရာ ဆန်မရှိဘူး
ဝတ်စရာ အ၀တ်မကျန်ဘူး
နေစရာ အိမ်ပျောက်ခဲ့ပြီ
ပြုံးပြစရာ အင်အားတွေ မရှိတော့ ...။
နောင်နှစ်မိုးဦးမှာ ဘယ်စပါးကို ပျိုးကြမလဲ
ဒီနှစ်နွေမှာရော ဘယ်အစာရေစာနဲ့ အသက်ဆက်ကြမလဲ
မိုးစရာ အမိုးအတွက် ဓနိတောတွေလည်း ပြုန်းခဲ့ပြီ
အိမ်တွေ ပြန်ဆောက်ဖို့ သစ်တောတွေ လဲလဲပြိုပြို ရစရာကို မကျန်တော့
သောက်စရာ ရေတွေက ငန်ကျိကျိ
အဲဒီငန်နေတဲ့ ရေတွေက ဆောင်းလယ်ရောက်တဲ့ထိ ခံပါ့မလား ...
သောကတွေပွေ ...။
အစကတည်းက မဖွံ့ဖြိုးနိုင်တဲ့ဒေသ
နူရာဝဲစွဲ လဲရာသူခိုးထောင်း
ကံဆိုးသူတို့ သွားရာ မိုးလိုက်လို့ ရွာ ...။
တိုင်းရင်းသားပါတီက အနိုင်ရတော့
ရောက်သင့်တဲ့ အကူအညီတွေ ပိုနည်းခဲ့ပြီ
ခက်ခဲလှတဲ့ လမ်းပန်းခရီးကြမ်းကို ကျော်ဖြတ်
လှူချင်လို့ ရောက်လာသူတွေ
လိုသလောက်ကိုတောင် ကျေနပ်အောင် လှူခွင့်မရ ...
ယာယီတဲတွေ မကြာခင် ပြန်အပ်ကြရဦးမတဲ့ ...
ဆန်ဝေချင်ရင် တမိသားစု (၅) ပြည်ထက် မပိုစေနဲ့
အကုန်လုံး ငပျင်းတွေ ဖြစ်ကုန်လိမ့်မတဲ့ ...
အိုး ... ဆိုးလိုက်တဲ့ ဂီရိရယ်
ယူစရာရှိတာ အသက်ပါ ပါအောင် ယူသွားတာမဟုတ်
လာရောက် လှူဒါန်းသူတွေထံ
ဒေသခံတွေ တောင်းပန်လိုက်ပုံက
“ဗျိုင်းသတ်ဆေးလေး ပေးရင် ပိုကောင်းမယ်” တဲ့ ...။ ။
နှင်းဆီဖြူ
0 Responses to ဂီရိ