ဂီရိ မုန်တိုင်း တိုက်ခတ်ခံခဲ့ရတဲ့ ဒေသတွေက အသေအပျောက်နဲ့ အပျက် အစီး ဖြစ်ခဲ့တဲ့ စာရင်း တွေ ဆက်လက် ထွက်ပေါ်လာနေရာမှာ စစ်တွေ နဲ့ ကပ်ရက်မှာ ရှိတဲ့ ပေါက်တော မြို့နယ် ဘက်မှာ ရွာလုံးကျွတ် ရေထဲပါသွားတဲ့ ကျေးရွာတွေ ရှိသလို လူသေဆုံး မှုတွေလည်း ရှိခဲ့ပါတယ်။
အဲဒီ ရေဘေး လေဘေး ဒုက္ခသည်တွေ ဟာ နေစရာ မရှိတဲ့ အတွက် ကွင်းပြင် ထဲမှာ ရရာ သစ်ဝါး တွေနဲ့ ဖြစ်သလို ယာယီတဲ ထိုးနေ ကြရတယ် လို့လည်း အဲဒီ မြို့ခံက ပြောပါတယ်။
ရခိုင်ပြည်နယ် တခွင်က မုန်တိုင်းသင့် အခြေ အနေ
ရခိုင်ပြည်နယ် အတွင်း ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ စစ်တွေ၊ ပေါက်တောနဲ့ မြေပုံ မြို့နယ်တို့မှာ မုန်တိုင်းဒဏ် ခံခဲ့ ကြရတာ ဖြစ်ပြီး အဲဒီ ဒေသတွေမှာ နေထိုင်သူ စုစုပေါင်း ခန့်မှန်းခြေ တစ်သိန်း နှစ်သောင်း လောက် နေထိုင်တယ်လို့ ကုလသမဂ္ဂက ရရှိတဲ့ ကနဦး စာရင်း ဇယားတွေကို အခြေခံပြီး ရန်ကုန်က ကုလသမဂ္ဂ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ဘီဘီစီကို ပြောပါတယ်။
လောလောဆယ် ပျက်စီး ဆုံးရှုံးမှုနဲ့ အသေ အပျောက် စာရင်းကို ပြုစုနေတုန်း ဖြစ်တာမို့ အတိအကျတော့ ပြောဖို့ စောသေးတယ်လို့ သူက ဆက်ပြောပြီး ထိခိုက်တဲ့ အိမ်ယာ ပေါင်း သောင်းနဲ့ချီ ရှိတယ်လို့ လည်း ဆိုပါတယ်။
လောလောဆယ်မှာ မုန်တိုင်းသင့် ဒေသတွင်းက ပြည်သူတွေ အတွက် အမိုး အကာ၊ သောက်ရေသန့်နဲ့ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ဒေသတွင်းမှာ ရှိတဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ အစည်း အမျိုးမျိုး က အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်ပေးနေတယ်လို့လည်း ဦးအေးဝင်းက ပြောပါတယ်။
http://www.bbc.co.uk/burmese/burma/2010/10/101026_giri_latest.shtml
0 Responses to မုန်တိုင်း ဒုက္ခသည်တွေ အရေးပေါ် အကူအညီလို